Thursday, October 11, 2012

ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း (၅)



  • ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း (၅)

     
  • မန်ကျည်ဒိန်ယိန်း---ရေးသည်

ဒေါ်စုရဲ့ လွှတ်တော်နိုင်ငံရေး တဆစ်ချိုးအကွေ့ ဘ၀ပျက်သွားသူ ပြည်ပရောက် အတိုက်အခံတွေထဲမှာ ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီ အမတ်ဟောင်းတွေလဲ ပါပါတယ်။

ဒီအမတ်တွေဟာ စားဘို့အတွက်လဲ ထောက်ပံ့ငွေမရ၊ ဦးဆောင်နေတဲ့ ထိုင်းမြန်မာနယ်စပ် KNU ကလဲ သိန်းစိန်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဆိုတော့ နိုင်ငံရေးလမ်းပါ ပျောက်သွားပါတယ်။

ပြင်ပအတိုက်အခံအများစုကလဲ အသက် ၅၀-၆၀န်းကျင်တန်းတွေဆိုတော့ ဒီလူတွေသာ မြန်မာနိုင်ငံပြန်လာရင် သိန်းစိန်အစိုးရကလဲ နေရာမပေးနိုင်၊ အန်အယ်ဒီမှာလဲ လူသစ်တွေက လက်ဝါးကြီးအုပ်ထားလို့ နေရာမရှိ၊ တခြားအလုပ်အကိုင် လုပ်ကိုင်စားသောက်ဖို့ကလဲ အသက်တွေ ကြီးကုန်ပြီမို့ ဘယ်သူမှ သုံးမှာ မဟုတ်ပါ။

ဒါကြောင့် ပြည်ပအတိုက်အခံအများစုက မြန်မာပြည် ပြန်လာလာ ပြည်ပမှာဘဲနေနေ တနေ့ထမင်း ၂ နပ် မှန်အောင်စားနိုင်ဖို့အတွက် ဘေးကျပ်နံကျပ် ဖြစ်နေပါတယ်။

ဒါကြောင့်လဲ ဒေါ်စု အမေရိကန်ရောက်နေစဉ် ဆွေမျိုးရင်းချာဖြစ်တဲ့ တချိန်က စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းလိုလူမျိုးကိုတောင် မြန်မာပြည်ပြန်လာပီး အန်အယ်ဒီနဲ့ လက်တွဲလုပ်ပါလို့ ဒေါ်စုက ရဲရဲတင်းတင်း မဖိတ်ခေါ်ရဲခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်စုကိုယ်တိုင်ကလဲ အခြေခံဥပဒေ ၂၀၀၈ မှာ ပြဌာန်းထားတဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို လက်မခံနိုင်သူဖြစ်သလို အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းမခံရပဲ လွတ်တော်ကိုယ်စားလှယ်လုပ်နေတဲ့ စစ်ဗိုလ် ၂၅% နိုင်ငံရေးမှာ ပါနေတာကိုပါ ဒီမိုကရေစီနည်းမကျဘူးလို့ ယုံကြည်ထားသူဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်စုဟာ လွှတ်တော်နိုင်ငံရေးစလုပ်ချိန်ကနေ ကနေ့ထိ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်က ကြေငြာခဲ့တဲ့ ရွေးကောက်ပွဲရည်မှန်းချက်တွေကို ဘာမှ မကောင်အထည် မဖော်နိုင်ပဲ ပျောက်သောလမ်းမှာ စမ်းတ၀ါးဖြစ်နေပါတယ်။ ကိုယ်ကိုတိုင် ပျောက်သောလမ်းမှာ စမ်းတ၀ါးဖြစ်နေတာကို ဒေါ်စုက၀န်မခံပဲ အကြံပေးတဲ့သူတွေ...ဝေဖန်သူတွေ များလွန်းနေလို့ မလိုပါ....ပြည်တွင်းလာပီး သူတို့နဲ့လက်တွဲလုပ်မဲ့သူတွေသာလိုတယိလို့ မကြာခဏပြောပြန်ပါတယ်။

တကယ်တော့ အန်အယ်ဒီနဲ့ ဒေါ်စုကို ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့တာ ပြည်သူကိုယ်စား စစ်မှန်တဲ့ ဒီမိုကရေစီ ဒီမိုကရေစီရအောင် ကျုပ်တို့ ကျမတို့ ကိုယ်စားလုပ်ပေးပါဆိုပီး ရွေးချယ်ခဲ့တာ။ ခုတော့ လုပ်နိုင်သူတွေလာခဲ့ပါဆိုတော့ အချောင်စကား ပြောသလိုဖြစ်နေတယ်။ ကိုယ့် မဲဆန္ဒရှင်တွေကို စော်ကားသလို ပြောနေတယ်။

လွှတ်တော်ထဲကို ကျမ၀င်တာ စစ်မှန်တဲ့ဒီမိုကရေစီရအောင် လုပ်ဖို့နည်းလမ်းမရှိတဲ့အတွက် စစ်ဗိုလ်တွေ ကြံ့ဖွံတွေနဲပေါင်းပီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကိုပန်းတိုင်ကို ရောက်အောင် လုပ်နေတာပါလို့ ရိုးရိုးသားသား ၀န်ခံရင် အကြောင်းမဟုတ်ပါ။ ဒေါ်စု လမ်းပြောင်းသွားပြီ ဂငယ်ကွေ့ ကွေ့သွားပီလို့ပဲ မှတ်ယူကြမှာပါ။ ခုတော့ ပြည်သူကို မလိမ့်တပတ်စကားတွေ ရောက်ရာနိုင်ငံတွေမှာ လျှောက်ပြောနေတာ မသတီစရာ ကောင်းပါတယ်။

လက်မခံနိုင်တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရစီကနေ လက်ခံနိုင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရောက်အောင် ဘာလုပ်ရမလဲဆိုတာ လူထုကို ဒေါ်စုရှင်းအောင် မပြောနိုင်ခဲ့ပါ။ အလားတူပဲ စစ်တပ် ၂၅% ကို နိုင်ငံရေးကနေ ဘာကြောင့်ဖယ်ရှားသင့်တယ် ဘယ်လိုဖယ်ရှားသင့်တယ်ဆိုတာကိုလဲ ခုထိ ဒေါ်စုက လူထုကို ပြော မပြနိုင်ပါ။ ဒါတွေ ပြည်သူကို မပြောနိုင်ပဲ မလိမ့်တပတ်ပြောနေတာတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲက သွားလို့ ရသယောင် ဒေါ်စုက လူထုက လိမ်နေသလို ခံစားသူတွေက ခံစားနေရတာ တွေ့ရပါတယ်။ အထူးသဖြင့် ဒေါ်စု လွှတ်တော်နိုင်ငံရေးကို သဘောမတူတဲ့ ရန်ကုန်က နိုင်ငံရေးသမားတွေလဲ အပါအ၀င်ဖြစ်ပါတယ်။

လွှတ်တော်ထဲကို ဒေါ်စုရောက်တဲ့အချိန်ကနေ ကနေ့ထိ သိန်းစိန်အစိုးရ ရလိုက်တဲ့ အကျိုးအမြတ်တွေ များပြားလှတဲ့အထဲမှာ အမေရိကန် ဆန်ရှင်တွေ ဖွင့်ပေးဖို့ ဒေါ်စုက အမေရိကန်အစိုးရက တရားဝင် တောင်းဆိုလိုက်တဲ့အချက်က သိန်းစိန်အစိုးရ အလိုချင်ဆုံး အချက်ဖြစ်ပါတယ်။

ဆန်ရှင်နဲ့ ပတ်သက်ပီး ခုလိုပြောဆိုလိုက်လို့ ဒေါ်စုပေးဆပ်ရတဲ့ အရင်းအနှီးကလဲ မသေးလှပါ။ မြန်မာအပေါ် ဒဏ်ခတ်ထားတဲ့ အနောက်ဆန်ရှင်တွေဟာ ဒေါ်စုတောင်းဆိုခဲ့လို့သာ ဖြစ်တဲ့အတွက် ဒီဆန်ရှင်တွေ ပြန်ရုတ်သိမ်းအောင် ဒေါ်စုကပဲ ပြန်တောင်းဆိုပေးရမယ်လို့ စစ်အစိုးရလက်ထက် တလျှောက်လုံး စွပ်စွဲခဲ့ပါတယ်။

ခုတော့ ကျမတောင်းဆိုခဲ့တဲ့ ဆန်ရှင်တွေကို ပြန်ရုတ်သိမ်းပေးဖို့ ကျမကိုယ်တိုင် မေတ္တာရပ်ခံခဲ့ပါပီလို့ တချိန်က စစ်ခေါင်းဆောင်တွေကို အချက်ပြပေးလိုက်တာနဲ့ အတူတူ ဖြစ်နေပါတယ်။ ဒီမှာတင် သိန်းစိန်အစိုးရက အလွန်သဘောကျပီး ဒေါ်စုအမေရိကန်သတင်းကို မြန်မာအစိုးရ မီဒီယာတွေမှာ ဖော်ပြပေးတဲ့နည်းနဲ့ ကျောသပ်ပီး ဆုလာဒ်ပေးသနားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ကို ဆန်ရှင်တွေ ပြန်ဖွင့်ပေးဖို့ ဒေါ်စုတောင်းဆိုခဲ့တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပြန်ကြည့်ရင် ၁) တချိန်က အနောက်နိုင်ငံဆန်ရှင်တွေ ဖြစ်လာအောင် ဒေါ်စုတောင်းဆိုခဲ့တယ်လို့ စစ်အစိုးရ စွပ်စွဲချက်ကို မှန်ပါတယ်လို့ ၀န်ခံလိုက်သလို ဖြစ်သွားပါတယ်။ ၂) ဒါပေမဲ့ NLD နဲ့ ဒေါ်စုဟာ စစ်အစိုးရအပေါ် ဆန်ရှင်လုပ်ဖို့ ဘယ်တုံးကမှ မတောင်းဆိုခဲ့ပါဘူးလို့ တခ်ျိန်က အန်အယ်ဒီက statement ထုတ်ပြန်ခဲ့တာကိုလဲ ပြောင်းပြန်ဖြစ်အောင် ဖြစ်အောင် ဒေါ်စုက လုပ်လိုက်သလိုဖြစ်သွားပါတယ်။

ဆန်ရှင်ဖွင့်ပေးဖို့ အမေရိကန်ကို မေတ္တာရပ်ခံတဲ့အချက်ကြောင့် သိန်းစိန်အစိုးရနဲ့ ဒေါ်စု ဆက်ဆံရေး အတိုင်းအတာ တခုထိ တိုးတက်လာစရာတော့ ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲထိ ဒေါ်စု ရှိနေရင် ကြံ့ဖွံပါတီ အခြေမလှ ရှုံးနိုင်တယ်ဆိုတာကို သိန်းစိန်အစိုးရဘက်က လျှော့တွက်ထားမှာ မဟုတ်ပါ။ ဒါကြောင့်ဒေါ်စုကို ကြံ့ဖွံပါတီရဲ့ နံပတ်တစ် ရန်သူအဖြစ် ဆက်ပီး သတ်မှတ်ထားမှာ ဖြစ်ပါတယ်။

အမေရိကန်ကို ဆန်ရှင်ပြန်ဖွင့်ပေးဖို့ ဒေါ်စုက မေတ္တာရပ်ခံတဲ့နေရာမှာ ကာကွယ်ရေးလက်နက်ပစ္စည်းတွေ ဒဏ်ခတ်တာကိုပါ ပြန်ဖွင့်ပေးဖို့ အကျုံးဝင်မ၀င်ဆိုတာကိုတော့ အတိအကျ  မသိရပါ။ တကယ်လို့ အမေရိကန်စစ်တပ်အပေါ် အမေရိကန်ဒဏ်ခတ်ထားတာကို ဆက်ထားအုံးမယ်ဆိုရင် ဒေါ်စုနဲ့ မြန်မာစစ်တပ် ဆက်ဆံရေး ပိုပီးတင်းမာလာစရာ ရှိပါတယ်။

အထူးသဖြင့် အခြေခံဥပဒေ ၂၀၀၈ မှာ စစ်တပ်ကို လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားတယ်လို့ ဒေါ်စုက အမေရိကန်ကို အချက်ပြထားပြီးဖြစ်တဲ့အတွက် ဒေါ်စုကသာ မီးစိမ်းမပြရင် အမေရိကန်က မြန်မာစစ်တပ်အပေါ် ဆန်ရှင်ရုတ်သိမ်းရေး ကြံ့ကြာနေအုံးမှာဖြစ်ပါတယ်။

စစ်တပ်အပေါ် ဆန်ရှင်ရုတ်သိမ်းရေး အမေရိကန်ဘက်က ကြံ့ကြာလေ ဒေါ်စုနဲ့ စစ်တပ်ဆက်ဆံရေး ပိုပီး အစေးမကပ်လေ ဖြစ်မှာပါ။ ဒေါ်စုနဲ့ စစ်တပ်ဆက်ဆံရေး အဆင်မပြေလေ အခြေခံဥပေဒပြင်ဆင်ရေး ဒေါ်စုရဲ့ ရွေးကောက်ပွဲ ရည်မှန်းချက် အောင်မြင်ဖို့ နှောင့်နှေးလေဖြစ်ပါတယ်။ ဒီအချိန်ဟာ နိုင်ငံရေးမှာ စစ်တပ် ၂၅% မပါသင့်တဲ့အကြောင်း စစ်တပ်ကို တိုက်ရိုက်ပြောဘို့မလွယ်ရင် တတိုင်းပြည်လုံးက ပြည်သူတွေကို နိုင်ငံရေးမှာ စစ်တပ် ၂၅% မပါသင့်တဲ့အကြောင်း အန်အယ်ဒီခေါင်းဆောင်ပိုင်းက အချိန်ယူ ဟောပြောရမယ်။ အန်အယ်ဒီသာ အဲလိုဟောပြောခဲ့ရင် ဒီလက်ချာတွေဟာ တချိန်မှာ အဖိုးတန်တဲ့ စာအုပ်အဖြစ် ထွက်ပေါ်လာနိုင်ပါတယ်။

ခြံကြည့်မယ်ဆိုရင် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပန်းတိုင်ကို သွားနေတဲ့ အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲက ဒေါ်စုရဲ့နိုင်ငံရေး စပေ့စ်က မလှုပ်သာ မရှားသာ ဖြစ်နေတာ ထင်ရှားပါတယ်။ ဒေါ်စုရဲ့ နိုင်ငံရေးစပေ့စ်နည်းလေ ၃၉ ဗိုက်ပူကြီးလို ဂျုံးဂျုံးကျနေတဲ့ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဒဏ်ခံနေရတဲ့ ပြည်သူတွေ လိုချင်တဲ့ ရည်မှန်းချက်နဲ့ ဒေါ်စုနဲ့ အလှမ်းဝေးနေမှာသာ ဖြစ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.