Thursday, October 11, 2012

ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း (၂)



ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း (၂)

မန်ကျည်ဒိန်ယိန်း---ရေးသည်

ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုအိမ်တော်ကြိးကိုကြည့်လိုက်တော့ ဧရာမ မဟာ အုတ်ရိုးကြီးနဲ့ ၀င်းတံခါး အနီကြီးနဲ့ဆိုတော့ အိမ်မှ ဟုတ်ရဲ့လားတောင် အောက်မေ့မိပါတယ်။ ဒေါ်စုအိမ်တော်ကြီးထဲက အခြွေအရံတွေနဲ့ အိမ်တော်စရိတ်ကို ဘယ်သူတွေက ထောက်ပံ့ပေးနေသလဲဆိုတာတောင် မတွေးဝံ့ပါ။

ဒေါ်စု ကံကောင်းပါတယ်။ တချိန်တုံးက အကျယ်ချုပ်ဘ၀တုံးကလဲ စားစရိတ် အိမ်စရိတ် မပူပင်ခဲ့ရပါ။ အဲဒီ အကျယ်ချုပ်ကာ သူစားခဲ့တဲ့ ထမင်းစရိတ်ကို ဘယ်ကရတဲ့ငွေတွေနဲ့ စားခဲ့သလဲဆိုတာ ခုထိ ဒေါ်စု သိမှာ မဟုတ်ပါ။ ဒီငွေတွေ ဘယ်ကလာသလဲ ဒေါ်စုမသိပေမဲ့ သိသူတွေက တနေ့ ဖော်ထုတ်ကြမှာ မြင်နေပါတယ်။

ကနေ့အချိန်မတော့ ဒေါ်စုတယောက် မော်ဒယ်ဂဲရှုံးအောင် ဖက်ရှင်ဆန်းတွေ အမျိုးမျိုးဝတ်၊ စိန်နားကပ်ရောင် တပြောင်ပြောင် ဖြစ်နေချိန်မှာ ရန်ကုန်ပြည်သူတွေကတော့ ထမင်းတောင် ၀အောင် မစားနိုင်တာ ဒေါ်စု သိပါစ။

သမတကြီး ဦးသိန်းစိန်ကို ယုံကြည်ကြောင်း မစားရ၀ခမန်း ဒေါ်စုက ချီးမွမ်းခန်းဖွင့် နေချိန်မှာ အောက်ခြေ ပြည်သူအများစုအတွက် ထမင်းအ၀စားဆိုင်တွေ ရန်ကုန်မှာ ပျောက်သလောက်ဖြစ်သွားပါပြီ။

ရန်ကုန် မြို့သစ်တွေနဲ့ ရန်ကုန်တ၀ိုက်မြို့တွေမှာ ထိုင်းမှာလို ထမင်းတခါပြင်ဆိုင်တွေ မှိုလိုပေါက်အောင် များလာတာ တွေ့ရပီး (အလုပ်သမားစား) ထမင်းတပွဲကို ၇၀၀ ကျပ်ကနေ ၁၀၀၀ ကျပ် ၀န်းကျင်ထိ ရောင်းကြပါတယ်။ ဆန်ထွက်တဲ့ မွန်ပြည်နယ်က မြိုတွေမှာ ထမင်းလိုက်ပွဲတပွဲကို ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ်ထိ ယူနေလို့ လိုက်ပွဲမစားနိုင်သူတွေကိုလဲ စိတ်မကောင်းစွာ မြင်ရပါတယ်။

ဝက်သားဈေးက တပိသာ ၆ ထောင်ကျပ်၊ အမဲသားဈေးက တပိသာ ၆ ထောင်ကျပ် ကြက်သားဈေးက တပိသာ ၄ထောင်ကျပ်ဝန်းကျင် ရှိနေချိန်မှာ ပဲပြုတ်ဈေးကတောင် ရန်ကုန်မှာ တဆယ်သား ၂၀၀ကျပ် ကျော်နေတာမို့ ပဲပြုတ်တောင် မစားနိုင်သူတွေ ရန်ကုန်မှာ အများကြီးပါ။ တနေ့ ၂ နပ်ရှာမစားနိုင်သူတွေကလဲ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ဝေယျာဝစ္စလုပ်ပေးရင်း ညစာသွားစားနေသူတွေလဲ မနည်းပါ။

အံ့သြစရာ အကောင်းဆုံးက ခေါက်ဆွဲကျော်ရောင်းတဲ့ တရုတ်ဆိုင်က စားနေတုံး ထမင်းလိုက်ပွဲယူမလားလို့ အမေးခံရတာပါ။ မှော်ဘီဈေးရှေ့က တရုတ်ခေါက်ဆွဲဆိုင်ပါ။ ခေါက်ဆွဲကျော်ကို စားကြည့်လို့ မ၀မှန်းသိတော့မှ လိုက်ပွဲမရှိတဲ့ ခေါက်ဆွဲကျော်အစား ထမင်းဖြူလိုက်ပွဲစားမလား ကြိုမေးတာလို့ သဘောပေါက်မိပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀က မြန်မာနိုင်ငံမှာ ဘယ်ဆိုင်စားစား ခေါက်ဆွဲကျော်တပွဲဟာ ဗိုက်ပြည့်အောင်မဟုတ်တောင် တင်းတိမ်အောင်တော့ စားနိုင်လောက်အောင် များပါတယ်။ ခေါက်ဆွဲကျော်စားရတာ မ၀လို့ဆိုတဲ့အသံတွေ မကြားဘူးပါ။ ခုတော့ ၁၈၀၀ ကျပ်ပေးထားရတဲ့ ခေါက်ဆွဲကျော်ဟာ အရင်ကလို လူတယောက် တင်းတိမ်အောင် များများ မကျော်နိုင်တာ မြငိ့တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီမှာတင် ရောင်းသူလဲအဆင်ပြေ စားသူလဲအဆင်ပြေအောင် တရုတ်ဆိုင်က ခေါက်ဆွဲကျော်စားသူတွေကို ထမင်းလိုက်ပွဲနဲ့ အာသာဖြေတဲ့ယဉ်ကျေးမှုကို ရောင်းသူနဲ့ စားသုံးသူ စာချုပ်စရာမလိုပဲ လက်ခံကျင့်သုံးခဲ့ကြတာ ဖြစ်ပုံရပါတယ်။

ခေါက်ဆွဲကျော်မစားနိုင်လို့ လမ်းဘေး ခေါက်ဆွဲသုတ်ဆိုင်စားပြန်တော့လဲ ခေါက်ဆွဲသုတ်ဆိုင် အတော်များများမှာ ထမင်းဖြူနဲ့တွဲရောင်းတာ စားနေကြရတာကြည့်ရင် မြန်မာတွေ ထမင်းတောင် ၀အောင်မစားနိုင်တာ မျက်စေ့ရှေ့မှာမြင်နေရတော့ တိုင်းပြည်အာဏာကို လောဘတကြီး ယူခဲ့ ယူနေဆဲ စစ်ဗိုလ်ချုပ်တွေကို ပိုစိတ်နာမိလာတယ်။ ဒီလူတွေကြောင့် တို့ပြည်သူတွေ ထမင်းမ၀တဲ့အဖြစ်ရောက်ရပါလားဆိုပီး ရင်ထဲလဲ ပိုပီး အော်ဂလီဆန်လာတယ်။

ခေါက်ဆွဲသုတ်ကို ထမင်းဖြူ လိုက်ပွဲနဲ့စားနေတာ ဘယ်လောက်ကြာပလဲလို့ စားသုံးသူတွေကို မေးမြန်းကြည့်တော့ ၂၀၀၇ သံဃာ့အရေးအခင်းပီးကထဲကလို့ပြောတာမို့ ၅နှစ်ကျော်ခဲ့ပါပြီ။ ဆိုလိုတာက ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ တိုင်းပြည်စီးပွားရေး သိသိသာသာ ကျဆင်းလာပီး ပြည်သူတွေလဲ ထမင်းဝအောင် မစားနိုင်တာ ကနေ့ထိဆိုတဲ့သဘောပါ။

ခေါက်ဆွဲကျော်ဆိုင်တွေ ခေါက်ဆွဲသုတ်ဆိုင်တွေမှာ ဗိုက်ပြည့်အောင် ထမင်းဖြူလိုက်ပွဲကို ရောင်းသူ စားသူ သဘောတူလို့ စားနေတာကို သူတို့ကိုယ်တိုင် သတိမထားမိပေမဲ့ အလုပ်အကိုင်ကို နိုင်ငံရေးသမားလို့ အမည်တပ်ရင်း ဆီဦးထောပတ်စား ခြွေရံများစွာနဲ့ နေတဲ့ ဒေါ်စုလို နိုင်ငံရေးသမားတွေနဲ့ အခြေခံ ပြည်သူတွေကြား ၀င်ငွေကွာဟမှု income disparity ဘယ်လောက် ကြီးမားနေလဲဆိုတာ ပြနေတဲ့ စီးပွားရေး ညွှန်းကိန်းလို ဖြစ်နေတာ ထင်ရှားပါတယ်။

နှစ် ၂၀အတွင်း ပြောင်းလဲသွားတဲ့ လူမှုစီးပွား အပြောင်းအလဲတွေထဲမှာ အသိသာဆုံးက ရန်ကုန်နဲ့ တခြားမြိုကြီးတွေက သံဃာတော်တွေဖြစ်ပါတယ်။

သံဃာတော်တွေ ဆွမ်းခံထွက်ပြီဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က မြန်မာ့ရိုးရာ ဆွမ်းဟင်းခွက်လေးတွေနဲ့ ဆွမ်းခံထွက်လို့ မြင်ရတာ အလွန်ကျက်သရေရှိပါတယ်။ ဆရာတော် သံဃာတော်တွေ ဆွမ်းစားတော့လဲ ဆွမ်းဟင်းခွက်လေးတွေသာ သုံးပါတယ်။ ခုတော့ ရိုးရာ ဆွမ်းဟင်းခွက်တွေပျောက်ပီး စတီး ၄ဆင့်ချိုင့်တွေ တဘက်ကကိုင် သပိတ်တဘက်နဲ့ သံဃာတော်တွေကို ရန်ကုန်နဲ့ တခြားမြိုတွေမှာမြင်ရတာ မျက်စေ့ထဲ ထူးဆန်းနေသလို ဖြစ်နေပါတယ်။

ဘုန်းကြီးတွေ ဘာကြောင့်ခုလို  စတီး ၄ဆင့်ချိုင့်တွေ ပြောင်းကိုင်သလဲဆိုတာ လိုက်မေးကြည့်တော့ ဘယ်သူမှ ရေရေရာရာ မဖြေနိုင်ပါ။ ဘုန်းကြီးကျောင်းတွေကို ကိုယ်တိုင်သွားလေ့လာကြည့်တော့ အရင်ကထက် ဆွမ်းဟင်းပိုများလာပေမဲ့ ချက်ထားတဲ့ ဆွမ်းအမျိုးအစားက ဘာမှတိုးတက်မလာပဲ လွန်ခဲ့တဲ့ နှစ် ၂၀က အတိုင်းဖြစ်နေတာ တွေ့ရပါတယ်။ တချို့ရပ်ကွက်တွေမှာ သံဃာတွေ တန်ဆွမ်းကြွလာရင် သပိတ်နဲ့မက လောင်းနေလို့ ပိုတဲ့ ဆွမ်းတွေ ဆွမ်းဟင်းတွေသယ်ဘို့ လက်တွန်းလှည်းအသေးစားတွေတောင် တီထွင်သုံးလာတာ တွေ့ရပါတယ်။

ဒီအခြေအနေတွေချုပ်ကြည့်ရင် ရန်ကုန်နဲ့ တခြာမြို့တွေ အတော်များများမှာ လွန်တဲ့ နှစ် ၂၀အတွင်း လူဦးရေ သိသိသာသာ တိုးလာတာ ထင်ရှားနေတယ်။ မြို့တွေမှာ urbanization စီမံကိန်းတွေကြောင့် စက်ရုံတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ များလာမယ်။ ကျေးလက်တွေမှာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက် လူတွေ မြို့ကို ပြောင်းရွှေ့တာများလာမယ်။ ပီးခဲ့တဲ့ နှစ် ၂၀အတွင်း ရန်ကုန်မြို့ပေါ် ပြောင်းရွှေလာမှုကိုက ၄၀% အထက်ရှိနိုင်မယ်ဆိုတာ တိုးလာတဲ့ မြို့သစ်တွေနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။

ရန်ကုန်မှာ လူဦးရေပိုများလာတော့ သံဃာတွေကို ဆွမ်းဟင်းနဲ့ ဆွမ်းလောင်းသူတွေ ပိုများလာမယ်။ ဒါကြောင့်ဆွမ်းဟင်းကို ခံယူရာမှာ သမရိုးကျ ဆွမ်းဟင်းခွက်နဲ့ မလုံလောက်လို့ စတီး ၄ ဆင့်ချိုင့်တွေ သုံးလာရတာဖြစ်မယ်။ ဒါပေမဲ့ ဆွမ်းလောင်းသူ အများစုက ၀င်ငွေနည်းသူတွေဆိုတော့ ဆွမ်းဟင်းခွက်သာ တိုးလာပေမဲ့ ဆွမ်းအရည်အသွေးက လွန်ခဲ့တဲ့ နှစ် ၂၀ ထက်ပိုပီး တိုးတက်မလာတာဖြစ်မယ်လို့ တွေးမိပါတယ်။

သေချာတာကတော့ သံဃာတော်တွေ ခုလိုဆွမ်းခွက်များများ ဘုန်းပေးရတော့ အများစုက မသန့်တဲ့ စားဆီတွေနဲ့ ချက်ထားတာမို့ ငယ်ငယ်နဲ့ သွေးတိုး ဆီးချိုစတဲ့ ခေတ်မီရောဂါတွေ အဖြစ်များနေတာလဲ သတိပြုမိပါတယ်။ (ဆက်ရန်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.